ဇူလိုင်လ (၁၇) ရက်
(နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ၊ ရုံးအမှတ် (၁၇))
ယခုလပိုင်းအတွင်း ၀န်ကြီးဌာနအချို့ ဘွဲ့ရပြီး အလုပ်ရရန် အချိန်အတန်ကြာ စောင့်ဆိုင်းနေရသူများအား ရာထူးခန့်ထားရန် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေး ဦးစီးဌာနက လျှောက်လွှာများ ခေါ်ယူလျက်ရှိသည်။ ယခုနှစ် ၀င်ခွင့်စာမေးပွဲများတွင် ပထမအဆင့်အနေဖြင့် မြန်မာစာနှင့် အထွေထွေဗဟုသုတဘာသာများ၊ အင်္ဂလိပ်စာဘာသာများကို ဖြေဆိုရမည်ဖြစ်ပြီး ဒုတိယနှင့် တတိယအဆင့်အနေဖြင့် စိတ်အခြေအနေစစ်ဆေးခြင်းနှင့် လူတွေ့ နှုတ်ဖြေစစ်ဆေးခြင်းတို့ကို ကျော်ဖြတ်ပြီးမှသာ အလုပ်ရချင်ရမည်ဖြစ်သည်။
၂၀၁၂၊ ဇန်န၀ါရီ (၂)ရက်က ထုတ်ပြန်ခဲ့သော-
"ပြည်ထောင်စုရာထူးဝန်အဖွဲ့ က ကြော်ငြာခေါ်ယူသော ရာထူးများအတွက် လျှောက်လွှာတင်သွင်းသူများ လိုက်နာရန် လမ်းညွှန်ချက်" စာအုပ်ပါ အမှတ်စဉ် (၈) "အထူးသတိပြုရန် အချက်အလက်များ"၊ အပိုဒ် (၂၈)တွင်-
"ရာထူးရရှိရေးအတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ မှ ဥက္ကဌအပါအ၀င် မည်သူ့ ကိုမှ တံစိုးလက်ဆောင်လာဘ်ပေးရန်မလိုပါ။ တံစိုးလက်ဆောင် လာဘ်ပေးရန် ကြိုးစားသူအား တည်ဆဲပြစ်မှုဆိုင်ရာ ဥပဒေအရ အရေးယူပါမည်။"
ဟု ဖော်ပြထားပေသည်။
ဤနေရာတွင် "ရာထူးရရှိရေးအတွက် မည်သူ့ ကိုမှ တံစိုးလက်ဆောင်လာဘ်ပေးရန်မလိုပါ" ဟုသာ ဖော်ပြပါရှိပြီး အဂတိတရားလေးပါးဖြစ်သည့်
၁။ ဆန္ဒာဂတိ - ချစ်/ခင်လို့
၂။ ဘယာဂတိ - ကြောက်ရလို့
၃။ ဒေါသာဂတိ - မုန်း/ချဉ်လို့
၎။ မောဟာဂတိ - ဘာမှန်းညာမှန်းမသိဘဲ ပြီးပြီးရောသဘောမျိုး
တို့ကို ခြုံငုံဖော်ပြထားခြင်းမရှိပါ။
လာဘ်ဆိုရာတွင် ငွေ/လက်ဆောင်အပြင် အထက်ပါ အစွဲအဂတိများ ကင်းလွတ်စေပြီး တိုင်းပြည်ကောင်းကျိုးကိုသာ အဓိကကြည့်၍ ရာထူးခန့်ထားရန် ဖြစ်ပေသည်။ ယခင်ကျင်းပပြီးစီးခဲ့သော ရာထူးရရှိရေးစာမေးပွဲတို့တွင် လူကြီးသားသမီးမို့လို့၊ ဌာနတူ သူငယ်ချင်း မိတ်ဆွေသားသမီးမို့လို့၊ မျက်နှာနာ/ခင်မင်ရသူ၏ ဆွေမျိုးမို့လို့၊ အာဏာရှင်တစ်ဦးဦး၏ စေခိုင်းချက်အရမို့လို့ အလုပ်ရစေရမယ်။ ဒီလူကတော့ ငါနဲ့ ရန်ငြိုးရှိတဲ့လူနဲ့ ပတ်သက်လို့ အလုပ်မခန့်ဘူး။၊ ဘာရယ်လို့တော့မဟုတ်ဘူး ဒီလူကို Feel လာလို့ အလုပ်ခန့်လိုက်မယ်၊
ဒီလူကိုတော့ အလုပ်ခန့်ရမှာ Feel မလာဘူး... စသဖြင့် အကြောင်းရှာ အလုပ်ခန့်ထားခြင်း၊ မခန့်ထားခြင်းများစွာ ရှိခဲ့ပေသည်။
ဥပမာအားဖြင့် -
ရာထူးခန့်ထားရန် "လူတွေ့ နှုတ်ဖြေစစ်ဆေးခြင်း" တွင်လည်း မိမိခန့်ထားလိုသော သူအား ငါးပါးသီလ အစရှိသည့် ဖြေနိုင်လွယ်ကူလောက်သောမေးခွန်းမျိုးကိုသာ မေး၍ အခြား မျက်နှာမွဲ အလုပ်လျှောက်ထားသူအား- "ဦးပိန်တံတားမှာ တိုင်ဘယ်လုံးရှိသလဲ" ဟု မေးမြန်းရာ ဖြေဆိုသူက "ဘယ်နှတိုင်ရှိပါသည်"ဟု ပြန်လည်ဖြေကြားသည့်အခါ မေးမြန်းသူက "မှားတယ်၊ မင်းပြောတာ အရင်တုန်းက တိုင်အရေအတွက်၊ အခု တိုင်အသစ်တွေ ပြုပြင်ထပ်စိုက်လိုက်လို့ ဘယ်နှတိုင်ဖြစ်သွားပြီ" ဆိုတာမျိုးနှင့် မိမိခန့်လိုသူအတွက် အခြားသူများကို စတေးပစ်သည့် လုပ်ရပ်မျိုးမှာမူ အလွန်တရာ စက်ဆုပ်ဖွယ်ကောင်းလှပေသည်။
ဝန်ထမ်းတစ်ဦးက သူ၏ အမြင်ကို ပြောပြသည်မှာ-
"နိုင်ငံခြားရေးဝန်ကြီးဌာနလိုမျိုးမှာ အရင်လူကြီး၊ အခုလူကြီးတွေရဲ့ သားသမီးတွေကို ခန့်တာများတယ်။ အခြားဝန်ကြီးဌာနတွေမှာ ဆိုရင်လည်း အဲသလိုပဲ။ ဌာနတစ်ခုခုမှာ လက်ရှိရာထူးကြီးရနေသူတွေရဲ့ သားသမီးတွေဆိုရင် အဲဒီဌာနမှာ အလုပ်တစ်နေရာရဖို့က သေချာပြီးသားပဲ။ ပြီးတော့ ခုခေတ်က ကြောက်ရမယ့်သူ ပိုများလာတဲ့ ခေတ်မဟုတ်လား။ စစ်တပ်က အာဏာရှိတဲ့ သူတွေကိုလည်း အရင်လို ကြောက်ရတုန်းပဲ။ လွှတ်တော် အမတ်တွေကိုလည်း ကြောက်ရ၊ ပြည်ထောင်စုဝန်ကြီးတွေကိုလည်း ကြောက်ရ၊ တိုင်း/ပြည်နယ် ၀န်ကြီးချုပ်နဲ့ ၀န်ကြီးတွေကိုလည်း
ကြောက်ရနဲ့ ဖြစ်နေတာ" ဟုဆိုသည်။
ယခင်တစ်ခါ ၀န်ထမ်းအလုပ်ဝင်ခွင့် ၀င်ရောက်ဖြေဆိုပြီး အလုပ်ရရန် ငြင်းပယ်ခံခဲ့ရသည့် MBBS ဘွဲ့ရ ဆရာဝန်တစ်ဦးက ပြောပြသည်မှာ-
"ပြည်ထောင်စုရာထူးဝန်အဖွဲ့ကလူတွေက ဆရာဝန်နဲ့ မဆိုင်တဲ့ မေးခွန်းတွေမေးတယ်ဗျာ။ သူတို့က လုပ်ငန်းကျွမ်းကျင်၊ စာတော်တာထက် အလုပ်နဲ့မဆိုင်တဲ့ သူတို့မေးတဲ့ မေးခွန်းကိုသာ ဖြေနိုင်ဖို့အဓိက ဖြစ်နေတာဗျ။ သူတို့ ခန့်ချင်တဲ့သူကျတော့ လွယ်တာမေးတယ်။ မခန့်ချင်တဲ့သူကျတော့ ခက်တာမေးတယ်။ ခုလည်း အလုပ်ခေါ်ပြန်ပြီ။ အလုပ်ရမရတော့ မသိသေးဘူး။ ခုလောလောဆယ်တော့ လျှောက်လွှာဖိုး၊ အလုပ်သမားလေဘာကဒ်ဖိုး၊ ဓာတ်ပုံနဲ့ မိတ္တူကူးခဖိုး၊ စာမေးပွဲဝင်ကြေး၊ ၀င်ခွင့်စာမေးပွဲဖြေဖို့ နေပြည်တော်သွားရမယ့် ကုန်ကျစရိတ်တွေကတော့ ရင်းထားရဦးမှာပေါ့လေ။ ကျွန်တော့်မှာ အကပ်အရပ်မရှိလို့သာရယ်။ အကပ်အရပ်သာ ရှိလို့ကတော့ အလုပ်ရဖို့ရာ လုံးဝ သေချာတယ်။ အလုပ်ရပြီးလို့ အလုပ်ဝင်ကာနီးကျရင်လည်း အဲဒီ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ၊ ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာနကပဲ ဖွင့်ထားတဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ်ဆိုတာကိုလည်း တက်ပြီး ပိုက်ဆံနဲ့ အချိန်ဖြုန်းရဦးမယ်။ မိအေး နှစ်ခါနာဖြစ်နေရတာပေါ့"
ဟု ဆိုပါသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ အင်တာနက်လိပ်စာ
http://ucsb.imis.com.mm/
တွင် အလုပ်ခေါ်ယူခြင်းနှင့်ပတ်သက်၍ လေ့လာကြည့်ရှုနိုင်ပါသည်။
ပိုးတန်းသား
No comments:
Post a Comment